ဒုက္ခသစ္စာ

ဝီကီပီးဒီးယား မှ

ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဟူ၍ သစ္စာလေးပါး ရှိပေသည်။ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့သည် ထွင်းဖောက် သိမြင်အပ်သော အမှန်တရားများ ဖြစ်ခြင်းကြောင့် အရိယသစ္စာဟူ၍လည်း ခေါ်ဆိုပေသည်။

သဘာဝဒုက္ခဖြစ်တဲ့ ဇာတိ, ဇရာ, ဗျာဓိ, မရဏ[ပြင်ဆင်ရန်]

ဇာတိ = ပဋိသန္ဓေတည်နေရခြင်းကို ဇာတိဒုက္ခ ,

ဇရာ = အိုရခြင်းကို ဒုက္ခ,

ဗျာဓိ = ဖျားနာရခြင်းကို ဒုက္ခ,

မရဏ = သေကျေပျက်စီးရခြင်းကိုလည်း ဒုက္ခလို့ မြတ်စွာဘုရားက ဟောထားပါတယ်။ [၁]

သမ္မုတိသစ္စာနယ်က ဇာတိ, ဇရာ, မရဏ[ပြင်ဆင်ရန်]

ဘဝတစ်ခုမှာ ပထမဆုံး ပဋိသန္ဓေတည်နေရတာကို ဇာတိ ခေါ်ပါတယ်။

နောက်ဆုံး သေကျေပျက်စီးရတာကို မရဏလို့ခေါ်ပြီး၊

ပဋိသန္ဓေတည်နေခြင်းနှင့် သေကျေပျက်စီးရခြင်း မရဏနှစ်ခုတို့ရဲ့ ကြား၌ တည်ပြီးနေတဲ့ ဘဝတစ်လျှောက်ကို ဇရာလို့ ခေါ်ပါတယ်။ မွေးလာကတည်းက သတ္တဝါတွေဟာ သေမည့် ဘက်ကို တရွေ့ရွေ့ သွားနေရတဲ့ အချိန်အခါတွေ ကို ဇရာဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်။ [၁]

ပရမတ္ထသစ္စာနယ်ဘက်က ဇာတိ, ဇရာ, မရဏ[ပြင်ဆင်ရန်]

ရုပ်တရား, နာမ်တရားတို့ရဲ့ ဖြစ်မှု သဘာဝကို ဇာတိလို့ ခေါ်တယ်။

တည်မှု ဌီကာလကို ဇရာလို့ ခေါ်တယ်။

ပျက်စီးခြင်း ဘင်္ဂသဘောကို မရဏလို့ ခေါ်ပါတယ်။

ဓာတ် ကမ္မဋ္ဌာန်းနည်းအရ ဓာတ်လေးပါးကို စနစ်တကျရှုနိုင်လို့ ဓာတ်လေးပါးကို အာရုံယူကာ သမာဓိကို ထူထောင်နိုင်ခဲ့လျှင်တော့ ခန္ဓာကိုယ်မှာ ရုပ်ကလာပ် အမှုန်လေးတွေကို တွေ့ပါတယ်။ ဒီရုပ်ကလာပ် အမှုန်ကလေး တစ်ခုတစ်ခုကို ဓာတ်ခွဲကြည့်လိုက်လျှင် ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော စသည်ဖြင့် သဘောတရားလေးတွေ ရှစ်ခု, ကိုးခု, ဆယ်ခု စသည်ဖြင့် ရှိကြပါတယ်။ ထိုသဘောတရားတွေဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုအပ်တဲ့ အလွန်တိုတောင်းနေတဲ့ အချိန်ကာလကို ကုဋေ ငါးထောင်ခန့်လောက်ပုံလျှင် တစ်ပုံလောက်သာ သက်တမ်းရှိပါတယ်။

အဲဒီလောက်အထိ အလွန် လျင်လျင်မြန်မြန်ကြီး ဖြစ်နေ ပျက်နေပါတယ်။ ဖြစ်နေတဲ့ သဘာဝကို ဇာတိ၊ ပျက်သွားတဲ့ သဘာဝကို မရဏ၊ ဖြစ်မှုပျက်မှု နှစ်ခုတို့ရဲ့ ကြားထဲမှာ ပျက်မည့်ဘက်သို့ ယိုင်လဲနေတဲ့ သဘာဝတစ်ခုကို ဇရာ = ဌိတိလို့ ဒီလို သုံးပါတယ်။ [၁]

သရာဂဒုက္ခများ[ပြင်ဆင်ရန်]

အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော = မချစ်ခင်မနှစ်သက်အပ်တဲ့ သတ္တဝါ သင်္ခါရတွေနှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲခွင့်ရရှိခြင်း၊

ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော = ချစ်ခင်နှစ်သက် မြတ်နိုးအပ်တဲ့ သတ္တဝါသင်္ခါရတွေနှင့် ကွေကွင်း ရခြင်း၊ ဒီသဘာဝကိုလည်း ဒုက္ခဆိုပြီးတော့ မြတ်စွာဘုရား သုံးထားတယ်။ [၁]

သမ္မုတိနယ်သုံး သတ္တဝါနှင့် သင်္ခါရ[ပြင်ဆင်ရန်]

မိမိ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါတွေနှင့် ကွေကွင်းရခြင်း၊ မချစ်ခင် မနှစ်သက်အပ်တဲ့ သတ္တဝါတွေနှင့် တွေ့ဆုံရခြင်း --- ဒီသဘာဝကိုလည်း သမ္မုတိသစ္စာနယ်သုံးအရ ဒုက္ခဟု ခေါ်ပါတယ်။

သက်မဲ့ပစ္စည်းဝတ္ထု အစုစု တွေကို သင်္ခါရလို့လည်း ဒီနေရာမှာ ခေါ်ပါတယ်။ မိမိ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါတွေနှင့်သာမဟုတ် မိမိ ချစ်ခင်မြတ်နိုးအပ်တဲ့ စိန်, ရွှေ, ရတနာ စတဲ့ သက်မဲ့ဝတ္ထု အစုစုတို့နှင့် ကွေကွင်းခွဲခွာရခြင်း သို့မဟုတ် ဆုံးရှုံးပျက်စီးရခြင်း၊ အလိုမရှိအပ်တဲ့ သက်မဲ့ပစ္စည်းဝတ္ထု အစုစုတို့နှင့် တွေ့ဆုံရခြင်း သို့မဟုတ် ရရှိနေခြင်းဆိုတဲ့ ဒီသဘောတရားကိုလည်း ဒုက္ခလို့ ဟောကြားတော်မူခဲ့ပါ တယ်။ [၁]

ပရမတ္ထသစ္စာနယ်သုံး သင်္ခါရ[ပြင်ဆင်ရန်]

မိမိကြားချင်တဲ့ အသံတွေကို မကြားရဘူး၊ မကြားချင်တဲ့ အသံတွေကို ကြားနေရတယ်။ မမြင်ချင်တာတွေကို မြင်နေရတယ်၊ မြင်ချင်တာတွေကို မမြင်ရဘူး စသည်ဖြင့် ဒီအာရုံငါးပါး ကာမဂုဏ်တရားတွေ သို့မဟုတ် အာရုံ ခြောက်ပါးတွေနှင့် ပတ်သက်ပြီး မိမိ အလိုမရှိအပ်တဲ့ အာရုံတွေနှင့် တွေ့ ကြုံရခြင်း, အလိုရှိအပ်တဲ့ အာရုံတွေနှင့် ကွေကွင်းရခြင်းကိုလည်း ဆင်းရဲ ဒုက္ခအဖြစ်နှင့် မြတ်စွာဘုရားက ဟောထားပါတယ်။ [၁]

ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ[ပြင်ဆင်ရန်]

မိမိ လိုလား တောင့်တနေတဲ့ အရာတွေကို မရရှိခြင်းကိုလည်း ဒုက္ခတစ်ခုအဖြစ် သတ်မှတ်ထားတယ်။

ပဋိသန္ဓေတည်နေ ရခြင်းသဘာဝ ထင်ရှားရှိနေတဲ့ သတ္တဝါတွေက ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ သဘာဝ ငါ့မှာ မရှိလျှင်တော့ သိပ်ကောင်းမယ်၊ နောက်ထပ်တစ်ဖန် ငါ ပဋိသန္ဓေ မနေရလျှင်တော့ သိပ်ကောင်းမယ်လို့ စိတ်က လိုလားတောင့်တ မိတယ်။ တောင့်တတဲ့အတိုင်းကော ဖြစ်နိုင်လားလို့မေးတော့ မဖြစ်နိုင်ဘူး။ ပဋိသန္ဓေနေမှုဆိုတဲ့ ဒုက္ခက လွတ်မြောက်ဖို့ရန်အတွက် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါခေါ်တဲ့ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်လို့ ခေါ်ဆို အပ်တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါမှသာလျှင် ပဋိသန္ဓေနေရတဲ့ ဒုက္ခက လွတ်မယ်၊

အိုခြင်းတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေက ငါ့မှာ အိုခြင်းတရား ထင်ရှား မရှိဘဲ၊ အမြဲတမ်း ပျိုမျစ်နုနယ်နေမယ်ဆိုလျှင် တော့ သိပ်ကောင်းမယ်လို့ ဒီလို တောင့်တချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်မယ်။ တောင့်တတဲ့အတိုင်းကော ရနိုင်မလားလို့ မေးတော့ မရနိုင်ဘူး။

နာခြင်းတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေက ငါ့မှာ ဒီနာခြင်းတရား ထင်ရှား မရှိခဲ့လျှင် သိပ်ကောင်းမှာပဲ ဆိုပြီးတော့ စိတ်ထဲက တောင့်တကြတယ်။ တောင့်တသော်လည်း တောင့်တတဲ့အတိုင်း ဖြစ်နိုင် သလားလို့ မေးတော့ မဖြစ်နိုင်ပြန်ဘူး။

စိတ်ကတောင့်တရုံ သက်သက်နှင့်တော့ ဘယ်လိုမှ မဖြစ်နိုင် ဘူး၊ မဖြစ်နိုင်သော်လည်း မိမိက တောင့်တတဲ့ အချိန်အခါမှာ တောင့်တတဲ့ အတိုင်း မရခဲ့ဘူးဆိုလျှင်တော့ စိတ်က ဆင်းရဲတတ်တယ်။ ဒါကြောင့် ဒုက္ခ တစ်ခုအဖြစ်နှင့် မြတ်စွာဘုရားက ဟောထားပါတယ်။ [၁]

ဝိပဿနာဉာဏ်၏ အရှုခံ ဒုက္ခသစ္စာတရား[ပြင်ဆင်ရန်]

[၂]

[၃] ဤဒေသနာတော်များ၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ အကျဉ်းချုပ် အားဖြင့် တဏှာ-ဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သောကံ သည် ငါ၏ အကျိုးဟု စွဲယူအပ်သော ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာ ဟူသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာ မည်၏။

ရူပုပါဒါနက္ခန္ဓာဟူသည် အဘယ်နည်းဟု မေးရန် ရှိ၏။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန် (သံ၊၂၊၃၉။) တွင် ဤသို့ ဟောကြားထားတော်မူ၏။ [၄]

ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ခန္ဓသုတ္တန်ဒေသနာတော်နှင့်အညီ တဏှာ ဒိဋ္ဌိ တို့သည် ကပ်ရောက်အပ်သော ကံသည် (= တဏှာ ဒိဋ္ဌိတို့ကို အခြေခံကာ ပြုစုပျိုးထောင်အပ်သော ကံ သည်) ငါ၏အကျိုးဟု စွဲယူအပ်သော, အာသဝေါတရားတို့၏ အာရုံဖြစ်သော အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခအရိယသစ္စာတရား မည်၏။[၅]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဖားအောက်တောရဆရာတော်ဓမ္မစကြာနှင့် ဝိပဿနာ
  2. သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။ မ၊၁၊၈၂။)
  3. ကတမေ စ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ သေယျထိဒံ - ရူပုပါဒါနက္ခန္ဓော၊ ဝေဒနုပါဒါနက္ခန္ဓော၊ သညုပါဒါနက္ခန္ဓော၊ သင်္ခါရုပါဒါနက္ခန္ဓော၊ ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (မ၊၁၊၈၄။)
  4. ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)
  5. ဖားအောက်တောရ ဝတ်ရွတ်စဉ်။ ဖားအောက်တောရဆရာတော်